International News

အိန္ဒိယကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(MCCI)မှ ကြီးမှူး၍ ကျင်းပသော (၁၂၂) ကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေးသို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးကိုယ်စား စီးပွားရေးသံမှူးတက်ရောက်

Last Updated:

အိန္ဒိယကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(MCCI)မှကြီးမှူး၍ (၁၂၂) ကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်း အဝေး (AGM) ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့က အိန္ဒိယနိုင်ငံ၊ ကော်လ်ကတ္တားမြို့ရှိ Taj Bengal Hotel ၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ကိုယ်စား စီးပွားရေးသံမှူးတက်ရောက်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးသို့ စိုက်ပျိုးရေးနှင့်လွှတ်တော်ရေးရာဝန်ကြီး Shri Sobhandeb Chattopadhyay၊ စက်မှု၊ ကူးသန်းရောင်းဝယ်ရေးနှင့် စီးပွားရေးလုပ်ငန်းများ၊ အများပိုင်လုပ်ငန်းများနှင့် စက်မှုပြန်လည်တည်ဆောက်ရေးဝန်ကြီး ဒေါက်တာ Shashi Panja နှင့် အနောက်ဘင်္ဂလားပြည်နယ်အစိုးရ၊ မြေယာနှင့် မြေယာပြုပြင်ပြောင်းလဲရေး၊ ဒုက္ခသည်နှင့် ပြန်လည်ထူထောင်ရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေး၊ ကျန်းမာရေးနှင့် မိသားစုသက်သာချောင်ချိရေး၀န်ကြီး Smt. Chandrima Bhattacharya နှင့် အိန္ဒိယ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(MCCI)ဥက္ကဌနှင့် ဒုတိယဥက္ကဌတို့အပါအဝင် အသင်းချုပ်အသင်းဝင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။ 

အဆိုပါ ၁၂၂ ကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေး(AGM)ကို “ရင်းနှီးမြှုပ်နှံမှု၊ စီးပွားရေးနှင့် တိုးတက်မှုအခွင့်အလမ်းများဦးတည်ရာ အနောက်ဘင်္ဂလားပြည်နယ်(Destination West Bengal- Investment, Business & Growth Opportunities)” ဟူသောဆောင်ပုဒ်ဖြင့် ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။

တက်ရောက်လာသူများက အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်၏ လတ်တလောဖွံဖြိုးတိုးတက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအလားအလာများကို ဆွေးနွေးပြောကြားရာတွင် ပြည်နယ်၏ လက်ရှိစီးပွားရေးအဆင့်အတန်းသည် အဆင့် ၆ ၌ ရပ်တည်လျက်ရှိပြီး၊ အမေရိကန်ဒေါ်လာ ၂၂၁ ဒဿမ ၃၇ ဘီလီယံအရွယ်အစားပမာဏရှိပါကြောင်း၊ ၂၀၁၆ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း နှစ်စဉ်စီးပွားရေးတိုးတက်မှုနှုန်း ၅၄ ရာခိုင်နှုန်းရှိပါကြောင်း၊ MSME လုပ်ငန်းပေါင်း ၉ သန်းခန့်ရှိပြီး ပြည်နယ်များအနက် ဒုတိယအများဆုံးဖြစ်ပါကြောင်း၊ အိန္ဒိယတစ်နိုင်ငံလုံး၏ ၁၄ ရာခိုင်နှုန်းခန့်ရှိသော MSME လုပ်ငန်းများမှ ကျောက်မျက်နှင့်လက်ဝတ်ရတနာပစ္စည်းများ၊ အင်ဂျင်နီယာထုတ်ကုန်များကို တင်ပို့ရောင်းချလျက်ရှိကြောင်း၊ မူဝါဒရေးရာပြုပြင်ပြောင်းလဲမှုများ၊ အစိုးရမှ ပံ့ပိုးကူညီမှုများ၊ ပုဂ္ဂလိကကဏ္ဍမှ ပြည်နယ်အစိုးရအပေါ် အကြံပြုဆွေးနွေးချက်များ စသည်ဖြင့် ရင်းနှီးပွင့်လင်းစွာဆွေးနွေးပြောကြားခဲ့ကြပါသည်။

အခမ်းအနားတွင် Rupa Co. & Ltd ၏ ဦးဆောင်ညွှန်ကြားရေးမှူး Shri Kunj Bihari Agarwala၊ Shyam Steel Industries Ltd ၏ ဥက္ကဌ Shyam Sunder Beriwala နှင့် Gloster Limited ၏ အမှုဆောင် ဒါရိုက်တာ Shri Hemant Bangur တို့အား အနောက် ဘင်္ဂလား ပြည်နယ်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အပေါ် ၎င်းတို့၏ထူးထူးခြားခြားပံ့ပိုးကူညီမှုများအတွက် MCCI မှ ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ခဲ့ကြပြီး၊ တက်ရောက်လာသောဝန်ကြီးများက MCCI West Bengal Repeal Law Compendium ကို ထုတ်ပြန်ကြေညာခဲ့ပါသည်။

(ကောင်းထွဋ်‌အောင်၊ စီးပွား‌ရေးသံမှူး၊ ‌ကော်လ်ကတ္တားမြို့)                                                                                   

                                                                                             

         

Category: International News